عن الملكية الفكرية التدريب في مجال الملكية الفكرية إذكاء الاحترام للملكية الفكرية التوعية بالملكية الفكرية الملكية الفكرية لفائدة… الملكية الفكرية و… الملكية الفكرية في… معلومات البراءات والتكنولوجيا معلومات العلامات التجارية معلومات التصاميم الصناعية معلومات المؤشرات الجغرافية معلومات الأصناف النباتية (الأوبوف) القوانين والمعاهدات والأحكام القضائية المتعلقة بالملكية الفكرية مراجع الملكية الفكرية تقارير الملكية الفكرية حماية البراءات حماية العلامات التجارية حماية التصاميم الصناعية حماية المؤشرات الجغرافية حماية الأصناف النباتية (الأوبوف) تسوية المنازعات المتعلقة بالملكية الفكرية حلول الأعمال التجارية لمكاتب الملكية الفكرية دفع ثمن خدمات الملكية الفكرية هيئات صنع القرار والتفاوض التعاون التنموي دعم الابتكار الشراكات بين القطاعين العام والخاص أدوات وخدمات الذكاء الاصطناعي المنظمة العمل مع الويبو المساءلة البراءات العلامات التجارية التصاميم الصناعية المؤشرات الجغرافية حق المؤلف الأسرار التجارية أكاديمية الويبو الندوات وحلقات العمل إنفاذ الملكية الفكرية WIPO ALERT إذكاء الوعي اليوم العالمي للملكية الفكرية مجلة الويبو دراسات حالة وقصص ناجحة في مجال الملكية الفكرية أخبار الملكية الفكرية جوائز الويبو الأعمال الجامعات الشعوب الأصلية الأجهزة القضائية الموارد الوراثية والمعارف التقليدية وأشكال التعبير الثقافي التقليدي الاقتصاد المساواة بين الجنسين الصحة العالمية تغير المناخ سياسة المنافسة أهداف التنمية المستدامة التكنولوجيات الحدودية التطبيقات المحمولة الرياضة السياحة ركن البراءات تحليلات البراءات التصنيف الدولي للبراءات أَردي – البحث لأغراض الابتكار أَردي – البحث لأغراض الابتكار قاعدة البيانات العالمية للعلامات مرصد مدريد قاعدة بيانات المادة 6(ثالثاً) تصنيف نيس تصنيف فيينا قاعدة البيانات العالمية للتصاميم نشرة التصاميم الدولية قاعدة بيانات Hague Express تصنيف لوكارنو قاعدة بيانات Lisbon Express قاعدة البيانات العالمية للعلامات الخاصة بالمؤشرات الجغرافية قاعدة بيانات الأصناف النباتية (PLUTO) قاعدة بيانات الأجناس والأنواع (GENIE) المعاهدات التي تديرها الويبو ويبو لكس - القوانين والمعاهدات والأحكام القضائية المتعلقة بالملكية الفكرية معايير الويبو إحصاءات الملكية الفكرية ويبو بورل (المصطلحات) منشورات الويبو البيانات القطرية الخاصة بالملكية الفكرية مركز الويبو للمعارف الاتجاهات التكنولوجية للويبو مؤشر الابتكار العالمي التقرير العالمي للملكية الفكرية معاهدة التعاون بشأن البراءات – نظام البراءات الدولي ePCT بودابست – نظام الإيداع الدولي للكائنات الدقيقة مدريد – النظام الدولي للعلامات التجارية eMadrid الحماية بموجب المادة 6(ثالثاً) (الشعارات الشرفية، الأعلام، شعارات الدول) لاهاي – النظام الدولي للتصاميم eHague لشبونة – النظام الدولي لتسميات المنشأ والمؤشرات الجغرافية eLisbon UPOV PRISMA UPOV e-PVP Administration UPOV e-PVP DUS Exchange الوساطة التحكيم قرارات الخبراء المنازعات المتعلقة بأسماء الحقول نظام النفاذ المركزي إلى نتائج البحث والفحص (CASE) خدمة النفاذ الرقمي (DAS) WIPO Pay الحساب الجاري لدى الويبو جمعيات الويبو اللجان الدائمة الجدول الزمني للاجتماعات WIPO Webcast وثائق الويبو الرسمية أجندة التنمية المساعدة التقنية مؤسسات التدريب في مجال الملكية الفكرية الدعم المتعلق بكوفيد-19 الاستراتيجيات الوطنية للملكية الفكرية المساعدة في مجالي السياسة والتشريع محور التعاون مراكز دعم التكنولوجيا والابتكار نقل التكنولوجيا برنامج مساعدة المخترعين WIPO GREEN WIPO's PAT-INFORMED اتحاد الكتب الميسّرة اتحاد الويبو للمبدعين WIPO Translate أداة تحويل الكلام إلى نص مساعد التصنيف الدول الأعضاء المراقبون المدير العام الأنشطة بحسب كل وحدة المكاتب الخارجية المناصب الشاغرة المشتريات النتائج والميزانية التقارير المالية الرقابة
Arabic English Spanish French Russian Chinese
القوانين المعاهدات الأحكام التصفح بحسب كل ولاية قضائية

ميانمار

MM041

رجوع

ယဉ်ကျေးအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆။)

ယဉ်ကျေးအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆။)

၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်)

(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) ယဉ်ကျေးမှုအမွေအနှစ် ဆိုသည်မှာ သမိုင်းအရဖြစ်စေ၊ ယဉ်ကျေးမှုအရဖြစ်စေ၊ ရှေးဟောင်းသုတေ သနအရဖြစ်စေ၊ အနုပညာလက်ရာမြောက်မှုအရဖြစ်စေ၊ မနုဿဗေဒအရဖြစ်စေ၊ ဘူမိဗေဒအရဖြစ်စေ၊ ဇီဝဗေဒအရဖြစ်စေ တန်ဖိုးကြီးမားသောကြောင့် ကာကွယ်ထိန်းသိမ်းရန်လိုအပ်သည့် ရှေးဟောင်းနေရာ သို့မဟုတ် ရှေးဟောင်းအဆောက်အအုံကို ဆိုသည်။

(ခ) အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ် ဆိုသည်မှာ ဝန်ကြီးဌာနက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သည့် ယဉ်ကျေးမှုအမွေအနှစ်ကို ဆိုသည်။

(ဂ) ကမ္ဘာ့အမွေအနှစ် ဆိုသည်မှာ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သဘောတူညီချက်ဖြင့် ထုတ်ပြန်ကြေညာသည့် ၁၉၇၂ ခုနှစ်၊ ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေ အနှစ်ဆိုင်ရာ ကွန်ဗင်းရှင်းအရ စာရင်းသွင်းသတ်မှတ်ထားသော ယဉ်ကျေးမှုအမွေအနှစ်ကို ဆိုသည်။

(ဃ) ယဉ်ကျေးမှုအမွေအနှစ်ဒေသ ဆိုသည်မှာ ဤဥပဒေအရ သတ်မှတ်သည့် ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာဒေသနှင့် ကြားခံဒေသကို ဆိုသည်။

(င) ယဉ်ကျေးမှုအမွေအနှစ်ဒေသများတည်ရှိရာဒေသ ဆိုသည်မှာ ရှေးဟောင်းအဆောက်အအုံများ ဖြစ်စေ၊ ရှေးဟောင်းနေရာများဖြစ်စေ တည်ရှိသည့် ဤဥပဒေအရ တိကျစွာ သတ်မှတ်ဖော်ပြထားသော ဒေသကို ဆိုသည်။

(စ) ကြားခံဒေသ ဆိုသည်မှာ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသကို ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် ဤဥပဒေအရတိကျစွာ သတ်မှတ်ဖော်ပြထားသောဒေသကို ဆိုသည်။

(ဆ) ရှေးဟောင်းနေရာ ဆိုသည်မှာ ဦးစီးဌာနက ရှေးဟောင်းနေရာ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးသည့် နေ့ရက် မတိုင်မီ နှစ်ပေါင်း ၁၀၀ နှင့် အထက် သက်တမ်းရှိသော သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်သော တူးဖော်ဆဲဖြစ်သည့် သို့မဟုတ် တူးဖော်ခြင်းမပြုရသေးသည့်နေရာ၊ သဘာဝအရ ဖြစ်ပေါ်နေသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ကျောက်လက်နက်များ တွေ့ရှိရာနေရာ၊ ရှေးခေတ်လူတို့ အခြေချနေထိုင်ခဲ့သော သို့မဟုတ် နားခိုခဲ့သောနေရာကို ဆိုသည်။

(ဇ) ရှေးဟောင်းအဆောက်အအုံ ဆိုသည်မှာ မြေပေါ် သို့မဟုတ် မြေအောက်တွင်ဖြစ်စေ၊ ရေပေါ် သို့မဟုတ် ရေအောက်တွင်ဖြစ်စေ ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိရာ ဘူမိသဘောဝပတ်ဝန်းကျင်နေရာ များအပါအဝင် လူသားတို့နေထိုင်ပြုလုပ်သုံးစွဲတည်ဆောက်ခဲ့သည့်နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိသည့် အောက်ပါအဆောက်အအုံ နေရာများကို ဆိုသည်-

(၁) စေတီ၊ ပုထိုး၊ ဂူဘုရား၊ ဘုန်းတော်ကြီးကျောင်း၊ အုတ်ကျောင်း၊ ဇရပ်၊ သိမ်အပါအဝင်သာသနိကဆိုင်ရာ အဆောက်အအုံများ၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အဆောက်အအုံများ၊ အုတ်ကုန်းများ၊ ပြိုကျပျက်စီးသွားပြီးဖြစ်သည့် အပျက်အစီးများ၊

(၂) ရှေးမြို့ဟောင်း၊ နန်းတော်၊ မြို့ရိုး၊ ကျုံး၊ မြေကတုတ်၊ တံခါး၊ မုခ်ဝ၊ မြို့ဝင်ပေါက်၊ ခံတပ်များ၊ လူနေအဆောက်အအုံများ၊ လူနေရာဌာန၊ ဥယျာဉ်၊ အလုပ်လုပ်ရာဌာနနှင့်လူသားတို့နေထိုင်ခဲ့သည့် ကုန်းဟောင်းများ၊ ယင်းတို့၏ အကြွင်းအကျန်များ၊

(၃) သဘာဝအလျောက်တည်ရှိသည့် သို့မဟုတ် လူတို့ဖန်တီးသည့် ခိုအောင်းနေထိုင်ခဲ့သော ဂူ၊ သဘာဝလိုဏ်ဂူ၊ ရှေးဟောင်းကျောက်ဂူ၊ အခြားနေထိုင်ရာ နေရာနှင့်လူသားတို့သွားလာနေထိုင်ခဲ့သည့် ကုန်း၊ ရိုး၊ ချိုင့်၊ ကျင်း၊ လျှိုမြောင်၊ မြစ်ကမ်းဆင့်နှင့် ပရိုင်းမိတ်များ၊ အခြားကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိရာနေရာများ အပါအဝင်ဘူမိသဘာဝ ပတ်ဝန်းကျင်နေရာများ၊

(၄) လူသားတို့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်သည့်နေရာ၊ အိုးဖို၊ စဉ့်ဖို၊ သံချက်ဖို၊ ဖန်ချက်ဖိုနှင့် အခြားသတ္တုကျိုချက်သည့် ဖိုများနှင့် ဆက်စပ်နေရာများ၊

(၅) ရှေးခေတ်အဆောက်အအုံ၊ လမ်း၊ တံတား၊ တူးဖော်ထားသောနေရာ၊ ရေတွင်း၊ ရေကန်၊ ရေအိုင်၊ ဆည်မြောင်းနှင့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ထားသောကျောက်ပုံ၊ ကျောက်တိုင်၊ ကျောက်စု၊ သင်္ချိုင်း၊ မြေမြှုပ်သင်္ဂြိုဟ်သောနေရာ၊ သင်္ဂြိုလ်သောအဆောက်အအုံ၊ ဂူ၊ ပြာသာဒ်၊

(၆) ကမ္ပည်းကျောက်စာ၊ မော်ကွန်းစသည်တို့နှင့် ၎င်းတို့ကိုထားရှိရာ အဆောက်အအုံ သို့မဟုတ် ကျောက်စာဂူ၊ အထိမ်းအမှတ်အဖြစ် ပြုလုပ်စိုက်ထူထားသည့် အရာဝတ္ထုများ၊ တိုင်များ၊ ကျောက်ချပ်များ။

ခြွင်းချက်။ ရှေးဟောင်းစာရင်းဝင် အဆောက်အအုံအဖြစ် သတ်မှတ်သင့်သည့် အဆောက်အအုံများနှင့် ယဉ်ကျေးမှု၊ သမိုင်း၊ ဗိသုကာ၊ အနုပညာလက်ရာတန်ဖိုးမြင့်မား၍ နိုင်ငံတော်က ရှေးဟောင်းအဆောက် အအုံကဲ့သို့ ကာကွယ်ထိန်းသိမ်းသင့်သည့် အဆောက်အအုံများကို နှစ်ပေါင်း ၁၀၀ သက်တမ်းမပြည့်သော်လည်း ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်နိုင်သည်။

(ဈ) ရှေးဟောင်းအဆောက်အအုံပရဝဏ် ဆိုသည်မှာ ဤဥပဒေအရသတ်မှတ်သော ရှေးဟောင်း အဆောက်အအုံ၏ နယ်နိမိတ်ကို ဆိုသည်။

(ည) မြို့ပြ ဆိုသည်မှာ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း တည်ဆဲဥပဒေအရ သက်ဆိုင်ရာ ဝန်ကြီးဌာန အမိန့်ကြော်ငြာစာထုတ်ပြန်၍ မြို့မြေအဖြစ် သတ်မှတ်ထားသည့်နယ်မြေကို ဆိုသည်။

(ဋ) ကျေးရွာ ဆိုသည်မှာ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း တည်ဆဲဥပဒေအရ သက်ဆိုင်ရာဝန်ကြီး ဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ရွာမြေအဖြစ် သတ်မှတ်ထားသည့်နယ်မြေကို ဆိုသည်။

(ဌ) ယဉ်ကျေးမှုအမွေအနှစ်အခင်းအကျင်း ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်တွင် ဒြပ်ရှိဒြပ်မဲ့ လူမှုဓလေ့များ ပေါင်းစပ်ဖွဲ့စည်း ဖြစ်တည်လျက်ရှိသည့် နယ်မြေနှင့် ယင်းတို့၏ဖြစ်တည်မှုကို ပေါ်လွင် ထင်ရှားစွာ တွေ့မြင်မှတ်သားနိုင်သည့် ရှုမြင်ကွင်းကို ဆိုသည်။

(ဍ) အမျိုးသားအဆင့်ကော်မတီ ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသည့် အမျိုးသားအဆင့်ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးကော်မတီကို ဆိုသည်။

(ဎ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ ဆိုသည်မှာ ကမ္ဘာ့အမွေအနှစ်ဒေသနှင့် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသတို့အတွက် ဤဥပဒေအရဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီကို ဆိုသည်။

(ဏ) ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီ ဆိုသည်မှာ ကမ္ဘာ့အမွေအနှစ်ဒေသနှင့် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသမှအပ ကျန်ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုချင်းအတွက် ဤဥပဒေအရ ဖွဲ့စည်းသည့် ဒေသဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီကို ဆိုသည်။

(တ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။

(ထ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို ဆိုသည်။

(ဒ) ဦးစီးဌာန ဆိုသည်မှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကို ဆိုသည်။

အခန်း (၂)

ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ရှေးနှစ်ပေါင်းများစွာက တည်ရှိခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည်စွာ တည်တံ့စေရေးအတွက် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာမူဝါဒကို မြှင့်တင်အကောင်အထည်ဖော်ရန်၊

(ခ) ယဉ်ကျေးမှုအမွေအနှစ်ဒေသများနှင့် ယင်းဒေသအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များအား သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လူတို့၏ပြုလုပ်မှုကြောင့်ဖြစ်စေ၊ သစ်ပင်သစ်ဥကြောင့်ဖြစ်စေ၊ ပိုးမွှားများ၊ ငှက်၊ တိရစ္ဆာန်များကြောင့်ဖြစ်စေ ယိုယွင်းဆုံးရှုံးပျက်စီးခြင်းမရှိစေရေးအတွက် ကာကွယ်ထိန်းသိမ်းရန်၊

(ဂ) ယဉ်ကျေးမှုအမွေအနှစ်ဒေသများကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် နိုင်ငံသားများ အမျိုးဂုဏ်၊ ဇာတိ ဂုဏ်မြင့်မားစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊

(ဃ) ယဉ်ကျေးမှုအမွေအနှစ်ဒေသများအား ကာကွယ်ထိန်းသိမ်းခြင်း၏ တန်ဖိုးကြီးမားမှုကိုအများပြည်သူ တို့နားလည်ခံယူနိုင်ကြစေရန်၊

(င) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ဖျက်ဆီးမှုမခံရစေရေးအတွက် အကာအကွယ်ပေးရန်၊

(စ) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်က လက်ခံသဘောတူသော အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်ရန်၊

(ဆ) ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

(ဇ) ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းနှင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်ရန်။

အခန်း (၃)

အမျိုးသားအဆင့်ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၄။ အစိုးရအဖွဲ့သည်-

(က) အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးကော်မတီကို သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။

(ခ) ကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၅။ ဝန်ကြီးဌာနသည် နိုင်ငံ့ဝန်ထမ်း မဟုတ်သော အမျိုးသားအဆင့်ကော်မတီဝင်များ၏ ချီးမြှင့်ငွေနှင့်စရိတ်များကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်။

၆။ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ယဉ်ကျေးမှုအမွေအနှစ်ဒေသများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းပြုရန် မူဝါဒများ၊ လမ်းညွှန်ချက်များ ချမှတ်ပေးခြင်းနှင့် ကြီးကြပ်ခြင်း၊

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ညှိနှိုင်းပေါင်းစပ်ပေးခြင်း၊

(ဂ) ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီတို့၏ နှစ်စဉ်အစီရင်ခံစာကို စိစစ်ပြီး အစိုးရအဖွဲ့သို့ တင်ပြခြင်း။

(ဃ) အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးနှင့် စပ်လျဉ်းသည့် အခြားလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။

အခန်း (၄)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီများနှင့် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီများ ဖွဲ့စည်းခြင်း

၇။ အမျိုးသားအဆင့်ကော်မတီသည်-

(က) ကမ္ဘာ့အမွေအနှစ် ဒေသကိုလည်းကောင်း၊ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသကို လည်းကောင်း ကာကွယ်ထိန်းသိမ်းရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းရမည်-

(၁)

သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်

ဥက္ကဌ

(၂)

သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က တာဝန်ပေး အပ်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးတစ်ဦး

(၃)

ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန

အဖွဲ့ဝင်

(၄)

ဒုတိယညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန

အဖွဲ့ဝင်

(၅)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

အဖွဲ့ဝင်

(၆)

ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဟိုတယ်နှင့် ခရီး သွားလာရေးညွှန်ကြားမှုဦးစီးဌာန

အဖွဲ့ဝင်

(၇)

ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့

အဖွဲ့ဝင်

(၈)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန

အဖွဲ့ဝင်

(၉)

ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အဖွဲ့ဝင်

(၁၀)

ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန

အဖွဲ့ဝင်

(၁၁)

ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ ကျွမ်းကျင်သူ သုံးဦး

အဖွဲ့ဝင်

(၁၂)

ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းကိုဆောင်ရွက်နေသော ဒေသခံ အနည်းဆုံးသုံးဦးမှ အများဆုံးငါးဦးထိ

အဖွဲ့ဝင်

(၁၃)

သက်ဆိုင်ရာ ဦးစီးဌာနခွဲ တာဝန်ခံ

အတွင်းရေးမှူး

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေး ကော်မတီကို လိုအပ်သလိုပြင်ဆင်ဖွဲ့စည်း နိုင်သည်။

(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း မဟုတ်သော အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို သတ်မှတ်ပေးရမည်။

၈။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည်-

(က) ကမ္ဘာ့အမွေအနှစ်ဒေသနှင့် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများမှအပ ကျန်ယဉ်ကျေး မှုအမွေအနှစ်ဒေသများကို ကာကွယ်ထိန်းသိမ်းရန် အောက်ဖော်ပြပါပုဂ္ဂိုလ်များပါဝင်သော ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းရမည်-

(၁)

ခရိုင် သို့မဟုတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အရာရှိတစ်ဦး

ဥက္ကဌ

(၂)

ခရိုင် သို့မဟုတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာရှိတစ်ဦး

အဖွဲ့ဝင်

(၃)

ခရိုင် သို့မဟုတ် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ အရာရှိတစ်ဦး

အဖွဲ့ဝင်

(၄)

မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရာရှိတစ်ဦး

အဖွဲ့ဝင်

(၅)

ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက် နေသော ဒေသခံတစ်ဦး

အဖွဲ့ဝင်

(၆)

သက်ဆိုင်ရာ ဦးစီးဌာနခွဲ တာဝန်ခံ

အတွင်းရေးမှူး

(ခ) ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

(ဂ) ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း မဟုတ်သောအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို သတ်မှတ်ပေးရမည်။

အခန်း (၅)

ယဉ်ကျေးမှုအမွေအနှစ်ဒေသသတ်မှတ်ခြင်း

၉။ ဝန်ကြီးဌာနသည် ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် အောက်ပါဒေသအမျိုးအစား တစ်ခုခုကိုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ နယ်နိမိတ်ဖော်ပြ၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်-

(က) ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသ၊

(ခ) ကြားခံဒေသ။

၁၀။ ဝန်ကြီးဌာနသည် လိုအပ်လျှင် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသနှင့် ကြားခံဒေသအတွင်း တွင် မြေယာစီမံခန့်ခွဲရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က) အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခု၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသောမြေဖြစ်ပါက သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ခြင်း၊ လိုအပ်ပါက အစိုးရအဖွဲ့သို့ တင်ပြ ဆောင်ရွက်ခြင်း၊

(ခ) ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းက စိုက်ပျိုးလုပ်ကိုင်ခွင့်၊ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့်၊ အကျိုးခံစားခွင့်၊ ဆက်ခံခွင့် သို့မဟုတ် လွှဲပြောင်းခွင့်ရှိသော မြေဖြစ်ပါကသက်ဆိုင်ရာ ဥပဒေနှင့်အညီ သက်ဆိုင်ရာပုဂ္ဂိုလ်၊ ပုဂ္ဂလိကအဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

အခန်း (၆)

ယဉ်ကျေးမှုအမွေအနှစ်ဒေသ ကာကွယ်ထိန်းသိမ်းခြင်း

၁၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီများသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် ယဉ်ကျေးမှုအမွေအနှစ် အခင်းအကျင်းကို အဟန့်အတား၊ အနှောင့်အယှက်ဖြစ်စေသည့် မည်သည့်အဆောက်အအုံမျှ ဆောက်လုပ်ခြင်းမပြုရန် တားဆီးခြင်း၊ ကျူးကျော်ဆောက်လုပ်ထားမှုများကို ဖယ်ရှားစေခြင်းတို့ကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်သည်။

၁၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီများသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသ တစ်ခုချင်းအလိုက် အဆောက်အအုံဆောက်လုပ်ရာ၌ လိုက်နာရမည့် စည်းကမ်းချက်များနှင့် သတ်မှတ်ချက်များကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် သတ်မှတ်နိုင်သည်။

၁၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီများသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကိုသတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၁၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီများသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း၌ အောက်ပါကိစ္စရပ်များကို ဆောင်ရွက်ရန် လိုအပ်ပါက ဝန်ကြီးဌာန၏သဘောတူညီချက်ရယူရမည်-

(က) ရှေးဟောင်းအဆောက်အအုံ၏ ပရဝဏ်ကို သတ်မှတ်ခြင်း၊

(ခ) ပုဒ်မခွဲ (က) အရ သတ်မှတ်သည့်ပရဝဏ်အတွင်း ဆောင်ရွက်သည့် ကိစ္စရပ်များအတွက် လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(ဂ) ရှေးဟောင်းအဆောက်အအုံအား ထိန်းသိမ်းစောင့်ရှောက်​ရေးအဖွဲ့များ ဖွဲ့စည်း၍ ထိန်းသိမ်း စောင့်ရှောက်ခြင်း။

အခန်း (၇)

ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ

၁၅။ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး၊ ဖော်ထုတ်ရေးနှင့် သုတေသန ပြုလုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ခ) ထင်ရှားကျော်ကြား၍ ယဉ်ကျေးမှုတန်ဖိုးမြင့်မားသော ယဉ်ကျေးမှုအမွေအနှစ်ဒေသများနှင့် ပျက်စီး ယိုယွင်းနေသော ယဉ်ကျေးမှုအမွေအနှစ်များကို ဦးစားပေးထိန်းသိမ်း စောင့်ရှောက်ခြင်း၊

(ဂ) အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်ကိုလည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရှေးဟောင်းနေရာနှင့် ရှေးဟောင်းအဆောက်အအုံများကိုလည်းကောင်း အစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် သတ်မှတ်ခြင်း၊

(ဃ) ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ခြင်း၊

(င) ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းမှ ရှေးဟောင်းဝတ္ထုပစ္စည်းများ ပြည်ပသို့ မရောက်ရှိစေရေးနှင့် ပြည်ပသို့ရောက်ရှိသွားသော ရှေးဟောင်းဝတ္ထုပစ္စည်းများ ပြန်လည်ရရှိရေးတို့အတွက် လိုအပ်သလို ဆောင်ရွက်ခြင်း၊ ပြည်ပမှ ပြန်လည်ရရှိလာသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို တက်နိုင်သမျှ မူလတည်ရှိခဲ့ရာဒေသ၌ ထိန်းသိမ်းထားရှိရန်ဆောင်ရွက်ခြင်း၊

(စ) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုး ထားဂုဏ်ယူတတ်စေရေးအတွက် အသိပညာပေးရေးလုပ်ငန်းဆောင်ရွက်ခြင်း၊

(ဆ) အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သော ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းခြင်း ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊

(ဇ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီများ၏ တင်ပြချက်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်း၊

(ဈ) ပုဒ်မ ၄၉၊ ပုဒ်မခွဲ (က) အရ အယူခံမှုအပေါ် အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊

(ည) ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်မှုတွင် ထိခိုက်အောင်ဆောင်ရွက်သူက ပေးလျော်စေရန် ယဉ်ကျေးမှု အမွေအနှစ်မှ အကျိုးအမြတ်ရရှိသည့် အဖွဲ့အစည်းများက ရန်ပုံငွေထည့်ဝင်စေရန်၊ အကျိုးအမြတ်၏ တစ်စိတ်တစ်ပိုင်းအား ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ထည့်ဝင်စေရန် သတ်မှတ်ခြင်း၊

(ဋ) နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ရငွေအပြင် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှု ရန်ပုံငွေတစ်ရပ်ကို တည်ထောင် ထားရှိခြင်း။

အခန်း (၈)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီများ၏ လုပ်ငန်းတာဝန်များ

၁၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကမ္ဘာ့အမွေအနှစ်နှင့် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(ခ) ကမ္ဘာ့အမွေအနှစ်ဒေသများအတွက် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းစဉ်က အတည်ပြုထားသည့် ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးလုပ်ငန်းစဉ်နှင့်အညီ ဆောင်ရွက်ခြင်း၊

(ဂ) ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းရှိ ဒေသခံများ၏ အနာဂတ်မြို့ပြ၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ဃ) ကမ္ဘာ့အမွေအနှစ်နှင့် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းရှိမြို့ပြ၊ ကျေးရွာများတွင် အောက်ပါကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊ စိစစ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း-

(၁) အဆောက်အအုံကို တည်ဆောက်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဝင်းခြံနယ်နိမိတ် တိုးချဲ့ခြင်း၊

(၂) မူလရှိပြီး ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ သို့မဟုတ် စက်မှုလုပ်ငန်း အဆောက်အအုံကို ပြင်ဆင်ခြင်း၊

(၃) ဒေသခံများက ဆောင်ရွက်သည့် စီးပွားရေး၊ လူမှုရေးကိစ္စရပ်များကို ဤဥပဒေပါပြဋ္ဌာန်းချက်များ နှင့်အညီ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ခြင်း၊

(၄) ရှေးဟောင်းအဆောက်အအုံ၏ ဝင်းခြံနယ်နိမိတ်ကို ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(၅) လမ်းဖောက်လုပ်ခြင်း၊ တံတား၊ ဆည်မြောင်း၊ တာတမံ ဆောက်လုပ်ခြင်း၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(၆) ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းရပ်များအတွက် မဖြစ်မနေလိုအပ်သော အဆောက်အအုံ၊ လူအများသုံး အခြေခံအဆောက်အအုံများဆောက်လုပ်ခြင်း၊

(၇) သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် အဆောက်အအုံများကို ပြန်လည်ပြင်ဆင်စေခြင်း၊ ဖျက်သိမ်းစေခြင်း။

(င) ကမ္ဘာ့အမွေအနှစ်နှင့် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများအတွင်းရှိယဉ်ကျေးမှုအမွေ အနှစ် ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး ကိစ္စရပ်များနှင့်စပ်လျဉ်းသည့်အစီရင်ခံစာကို အမျိုးသား အဆင့်ကော်မတီသို့ နှစ်စဉ် အစီရင်ခံတင်ပြခြင်း။

၁၇။ ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(ခ) ကမ္ဘာ့အမွေအနှစ်ဒေသများအတွက် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းစဉ်က အတည်ပြုထားသည့် ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးလုပ်ငန်းစဉ်နှင့်အညီ ဆောင်ရွက်ခြင်း၊

(ဂ) ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ဒေသခံများ၏ အနာဂတ်မြို့ပြကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ဃ) သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် အဆောက်အအုံများကို ပြန်လည်ပြင်ဆင်စေခြင်း၊ ဖျက်သိမ်းစေခြင်း၊

(င) ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် အမျိုးသားအဆင့်ကော်မတီသို့ နှစ်စဉ်အစီရင်ခံတင်ပြခြင်း။

၁၈။ ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဆောင်ရွက်လိုသည့် အောက်ပါကိစ္စရပ်များကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ခြင်း၊ စိစစ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း-

(က) ရှေးဟောင်းအဆောက်အအုံနှင့် ယင်းဝင်းခြံနယ်နိမိတ်ကို ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊

(ခ) လမ်းဖောက်လုပ်ခြင်း၊ တံတား၊ ရေမြောင်း၊ တာဘောင်ဆောက်လုပ်ခြင်း၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း၊

(ဂ) စီမံခန့်ခွဲမှုအရ မဖြစ်မနေလိုအပ်သော အဆောက်အအုံ၊ လူအများသုံး အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း။

၁၉။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီသည် ကြိုတင်ခွင့်ပြုချက် လျှောက်ထားလာမှုများကို အမွေအနှစ် ထိခိုက်နိုင်မှု ဆန်းစစ်ချက် ပြုလုပ်စေပြီး တွေ့ရှိချက်ရလဒ်ပေါ်မူတည်၍ ပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ရမည်။

၂၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီများသည် ကြိုတင်ခွင့်ပြုချက်ပေးထားသည့် ကိစ္စရပ်များကို ခွင့်ပြုစဉ်က သတ်မှတ်ပေးထားသည့် စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ခြင်းမရှိလျှင် ကြိုတင်ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းနိုင်သည်။

အခန်း (၉)

ကြိုတင်ခွင့်ပြုချက် လျှောက်ထားခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပေးခြင်း

၂၁။ အောက်ပါလုပ်ငန်း တစ်ရပ်ရပ်ကို ဆောင်ရွက်လိုသူသည် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်ချက်များကို လိုက်နာရမည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများအပေါ် ထိခိုက်မှုမရှိကြောင်း ကြိုတင်ခွင့်ပြုချက် ရရှိရန် ကမ္ဘာ့အမွေအနှစ်ဒေသ သို့မဟုတ် အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီသို့လည်းကောင်း၊ ကမ္ဘာ့အမွေ အနှစ်ဒေသ သို့မဟုတ် အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်ဒေသမှအပ ကျန်ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းဖြစ်ပါက ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီသို့လည်းကောင်း သတ်မှတ်ချက်များ နှင့်အညီ လျှောက်ထားရမည်-

(က) ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့် ကျေးရွာတွင်-

(၁) အဆောက်အအုံ တည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ဆောက်လုပ်ခြင်း၊

(၂) ရှေးဟောင်းအဆောက်အအုံမှတစ်ပါး အခြားအဆောက်အအုံကို ပြင်ဆင်ခြင်း သို့မဟုတ် ယင်း၏ ဝင်းခြံနယ်နိမိတ်ကို ကာရံခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း၊

(၃) ယဉ်ကျေးမှုအမွေအနှစ်များကို မထိခိုက်သည့် သာသနိကအဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်း၊

(၄) လမ်းများတိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ ဆိပ်ခံဘောတံတားများ ပြင်ဆင်ခြင်း၊

(၅) ရေတွင်း၊ ရေကန်၊ ရေကူးကန်၊ ရေလှောင်ကန်၊ မွေးမြူရေးကန်များ၊ မွေးမြူရေးခြံများ၊ နှစ်ရှည်ပင် စိုက်ပျိုးခြင်းများ ဆောင်ရွက်ခြင်း၊ တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊

(၆) လက်မှုလုပ်ငန်းဆိုင်ရာ အလုပ်ရုံများ အသစ်တည်ဆောက်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း၊

(၇) စီးပွားရေးလုပ်ငန်းဆိုင်ရာ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ခရီးသွား လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာများ တည်ဆောက်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း၊

(၈) ပြခန်းလုပ်ငန်းဆိုင်ရာ အဆောက်အအုံအသစ် ဆောက်လုပ်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း၊

(၉) မူလရှိပြီး ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ သို့မဟုတ် အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းအဆောက်အအုံကို ပြင်ဆင်ခြင်း၊

(၁၀) ရဟတ်ယာဉ်၊ လူစီးမီးပုံးပျံများ၊ အခြားစက်တပ်၊ စက်မဲ့ယာဉ် ပျံသန်းခြင်း။

(ခ) ကြားခံဒေသတွင်-

(၁) လမ်းဖောက်လုပ်ခြင်း၊ ဆိပ်ခံဘောတံတား၊ ယာဉ်ရပ်နားစခန်း၊ ရထားလမ်း၊ ရထားဘူတာရုံ၊ အားကစားရုံ၊ အားကစားကွင်းများ၊ အဆောက်အအုံနှင့် တံတားများ အသစ်တည်ဆောက်ခြင်း သို့မဟုတ် ယင်းတို့ကို တိုးချဲ့ခြင်း၊

(၂) ဆက်သွယ်ရေးတာဝါတိုင်များ၊ မြေအောက်လုပ်ငန်းများ၊ မြေအောက် ဓာတ်အားကြိုးများ၊ လျှပ်စစ် မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်တိုင်များ၊ ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက် စိုက်ထူခြင်း၊

(၃) ရဟတ်ယာဉ်၊ လူစီးမီးပုံးပျံများ၊ မောင်းသူမဲ့လေယာဉ် ဖြတ်သန်းပျံသန်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊

(၄) ဇာတ်ရုံကဲ့သို့သော ဖျော်ဖြေရေးဆိုင်ရာ အဆောက်အအုံများ၊ တည်းခိုရေး အဆောက်အအုံများ၊ နားနေစခန်းများ၊ မြင်းစီးစခန်း ပြိုင်ကွင်းများနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း။

(ဂ) ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင်-

() လယ်မြေ၊ ယာမြေများအပေါ်တွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်ဝန်းကျင်မြင်ကွင်းကို ထိခိုက် စေသော နှစ်ရှည်ပင်များ စိုက်ပျိုးခြင်း၊

(၂) မူလမြေမျက်နှာသွင်ပြင်ကို ပျက်စီးစေနိုင်သည့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ခြင်း-

(ကက) ရွှေကျင်ခြင်း၊ သဲထုတ်ခြင်း၊ ကျောက်ထုတ်ခြင်း၊ အုတ်ဖုတ်ခြင်း၊ အမှိုက်များစုပုံစွန့်ပစ်ခြင်း၊ ရေဆိုးထုတ်ခြင်း၊

(ခခ) သဘာဝကုန်းကမူများနှင့် တောင်ကုန်းများ ဖြိုဖျက်ခြင်း၊ မြေညှိခြင်း၊ မြေတူးခြင်းနှင့် ရေစီးရေလာ ပိတ်ဆို့တားဆီးခြင်း၊

(ဂဂ) ကန်၊ ချောင်း၊ ဆည်မြောင်း၊ တာတမံ၊ လျှို၊ ချိုင့်များ မြေဖို့ခြင်း။

(၃) လက်ရှိပေါက်ရောက်နေသည့် ဒေသမျိုးရင်း သဘာဝသစ်ပင်များကို ခုတ်ထွင်ခြင်း၊ ခင်တန်းများကို ဖျက်ဆီးခြင်း၊ ဒေသမျိုးရင်းမဟုတ်သော မျိုးစိတ်များ၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်း၊

(၄) ဝင်းခြံတစ်ခုခုအတွင်းကျရောက်နေသည့် ရှေးဟောင်းအဆောက်အအုံများ၊ နေရာများ၏ မြင်ကွင်းကို တမင်ဖုံးကွယ်ခြင်း၊ အလွယ်တကူဝင်ရောက်သွားလာကြည့်ရှုမရအောင် ပိတ်ဆို့တားဆီးခြင်း၊ ခြံခတ်ကာရံခြင်း။

၂၂။ (က) ပုဒ်မ ၂၁ အရ လျှောက်ထားချက်နှင့် စပ်လျဉ်း၍-

(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီသည် သတ်မှတ်ချက်နှင့်အညီ ရက်ပေါင်း ၆၀ အတွင်း စိစစ်ဆုံးဖြတ်ရမည်။

(၂) ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီသည် သတ်မှတ်ချက်နှင့်အညီ ရက်ပေါင်း ၃၀ အတွင်း စိစစ် ဆောက်ရွက်ရမည်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီသည် ပုဒ်မခွဲ(က) ၊ ပုဒ်မခွဲငယ် (၁) အရ စိစစ်ပြီး ကြိုတင်ခွင့်ပြုချက်ထုတ်ပေးခြင်း သို့မဟုတ် ခိုင်လုံသော အကြောင်းပြချက်ဖြင့် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ဂ) ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ စိစစ်ပြီး ကြိုတင် ခွင့်ပြုချက် ထုတ်ပေးခြင်း သို့မဟုတ် ခိုင်လုံသော အကြောင်းပြချက်ဖြင့် ငြင်းပယ်ခြင်း ပြုနိုင်သည်။ လိုအပ်ပါက ဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်ဖြင့် တင်ပြနိုင်သည်။

၂၃။ ဝန်ကြီးဌာနသည် ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) အရ တင်ပြချက်ကို စိစစ်၍ လိုအပ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်ပြီး-

(က) ကြိုတင်ခွင့်ပြုချက် ထုတ်ပေးသင့်ကြောင်း တွေ့ရှိလျှင် လျှောက်ထားသူအား ကြိုတင်ခွင့်ပြုချက် ထုတ်ပေးရမည်။

(ခ) ကြိုတင်ခွင့်ပြုချက် ထုတ်ပေးရန် မသင့်ကြောင်း တွေ့ရှိလျှင် လျှောက်ထားချက်ကို ခိုင်လုံသော အကြောင်းပြချက်ဖြင့် ငြင်းပယ်ရမည်။

၂၄။ (က) ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် အောက်ပါလုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်လိုသူသည် ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်မှုမရှိကြောင်း ကြိုတင်ခွင့်ပြုချက်ရရှိရန် ကမ္ဘာ့အမွေအနှစ်ဒေသ သို့မဟုတ် အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီသို့လည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ဒေသ သို့မဟုတ် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသမှအပ ကျန်ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းဖြစ်ပါက ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီသို့လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်-

(၁) ရှေးဟောင်းအဆောက်အအုံ၏ မူလရှေးဟောင်း ပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလရှေးဟောင်းလက်ရာကို ဖြစ်စေ ပြောင်းလဲခြင်းမရှိစေဘဲ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ခြင်း သို့မဟုတ် ယင်း၏ ဝင်းခြံနယ်နိမိတ်ကို ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊

(၂) ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုလုပ်ငန်း ဆောင်ရွက်ခြင်း၊

(၃) ပြတိုက်များ တည်ဆောက်ခြင်း၊ ဖွင့်လှစ်ခြင်း၊

(၄) ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းရပ်များအတွက် မဖြစ်မနေလိုအပ်သော အဆောက်အအုံ၊ လူအများသုံး အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်း။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီသည် ယင်းတို့၏ သဘောထားမှတ်ချက်နှင့်အတူ ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရမည်။

၂၅။ ဝန်ကြီးဌာနသည် ပုဒ်မ ၂၄ အရ လျှောက်ထားချက်ကို ဦးစီးဌာနအား စိစစ်စေခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီထံ သဘောထားပြန်ကြားခြင်းများ ပြုလုပ်ရမည်။

၂၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီသည် ပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) ပါလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန၏ သဘောထား ပြန်ကြားချက်အရ-

(က) ကြိုတင်ခွင့်ပြုချက် ထုတ်ပေးသင့်ကြောင်း တွေ့ရှိလျှင် လျှောက်ထားသူအား ကြိုတင်ခွင့်ပြုချက် ထုတ်ပေးရမည်။

(ခ) ကြိုတင်ခွင့်ပြုချက် ထုတ်ပေးရန်မသင့်ကြောင်း တွေ့ရှိလျှင် လျှောက်ထားချက်ကို ခိုင်လုံသော အကြောင်းပြချက်ဖြင့် ငြင်းပယ်ရမည်။

၂၇။ ဝန်ကြီးဌာနသည်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေး ကော်မတီနှင့် ဝန်ကြီးဌာနတို့ သဘောထားကွဲလွဲလျှင် ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် သက်ဆိုင်ရာ ကော်မတီတို့မှ ကိုယ်စားလှယ်များပါဝင်သော အစည်းအဝေးခေါ်ယူကျင်းပ၍ ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ရမည်။

(ခ) လိုအပ်ပါက ညှိနှိုင်းဆွေးနွေးချက်ကို အစည်းအဝေးမှတ်တမ်းနှင့်အတူ အမျိုးသားအဆင့်ကော်မတီသို့ တင်ပြ၍ အတည်ပြုဆုံးဖြတ်ချက် ရယူရမည်။

၂၈။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီသည် ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် ပုဒ်မ ၂၆၊ ပုဒ်မခွဲ (ခ) တို့အရ ကြိုတင်ခွင့်ပြုချက်ပေးရန် ငြင်းပယ်ကြောင်းဆုံးဖြတ်လျှင် မည်သည့်အကြောင်းကြောင့် ငြင်းပယ်ကြောင်း လျှောက်ထားသူထံ အကြောင်းကြားရမည်။

၂၉။ ဝန်ကြီးဌာနက သဘောထားပြန်ကြားရာတွင်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီများသည် ပုဒ်မ ၂၂ နှင့် ၂၆ တို့အရ ကြိုတင်ခွင့်ပြုချက်ပေးရန် စိစစ်ရာတွင်လည်းကောင်း အောက်ပါအချက်များကို အခြေခံ၍ စိစစ်ရမည်-

(က) ကမ္ဘာ့အမွေအနှစ်ဒေသနှင့် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများအတွက် ကမ္ဘာ့အမွေအနှစ် စံနှုန်းသတ်မှတ်ချက်များ၊ စီမံခန့်ခွဲရေးအစီအစဉ်များနှင့် ညီညွတ်မှု ရှိ မရှိ၊

(ခ) ယဉ်ကျေးမှုအမွေအနှစ်အခင်းအကျင်းနှင့် ဂေဟစနစ်ကို ထိခိုက်ပျက်ယွင်းစေနိုင်ခြင်း ရှိ မရှိ၊

(ဂ) ယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ မြင်ကွင်းကို ထိခိုက်ပျက်စီးစေနိုင်ခြင်း ရှိ မရှိ၊

(ဃ) ပတ်ဝန်းကျင်သဘာဝမြင်ကွင်းကို အဟန့်အတား၊ အနှောင့်အယှက် ဖြစ်နိုင်ခြင်း ရှိ မရှိ၊

(င) ရှေးဟောင်းအဆောက်အအုံ သို့မဟုတ် ရှေးဟောင်းနေရာနှင့် လွတ်ကင်းခြင်း ရှိ မရှိ၊

(စ) ရှေးဟောင်းအဆောက်အအုံ၏ ထည်ဝါခန့်ညားမှုကို ထိခိုက်စေနိုင်ခြင်း ရှိ မရှိ၊

(ဆ) မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက် ပျက်စီး စေနိုင်ခြင်း ရှိ မရှိ၊

(ဇ) ယဉ်ကျေးမှုအမွေအနှစ်များ၏ လုံခြုံမှုကို ထိခိုက်စေနိုင်ခြင်း ရှိ မရှိ၊

(ဈ) ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်စေနိုင်ခြင်း ရှိ မရှိ၊

(ည) ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိ မရှိ။

၃၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီများသည် ပုဒ် ၂၁ နှင့် ပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) တို့ပါ ကြိုတင်ခွင့်ပြုချက် လျှောက်ထားသော ကိစ္စများ အားလုံးနှင့်စပ်လျဉ်း၍ အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် ဆောင်ရွက်ရန်နှင့် ခွင့်ပြုပြီး ကိစ္စများတွင် သတ်မှတ်စည်းကမ်းချက်များ လိုက်နာမှု ရှိ မရှိကို ဦးစီးဌာနက စောင့်ကြည့်၍ ပြန်လည် တင်ပြရန်ညွှန်ကြားရမည်။ လိုက်နာမှုမရှိပါက ခွင့်ပြုမိန့်ကို ပယ်ဖျက်ရမည်။

အခန်း (၁၀)

တားမြစ်ချက်များ

၃၁။ မည်သူမျှ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့် ကျေးရွာတွင် အောက်ပါ ကိစ္စရပ်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်မရဘဲ မပြုလုပ်ရ-

(က) အဆောက်အအုံ တည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ဆောက်လုပ်ခြင်း၊

(ခ) ရှေးဟောင်းအဆောက်အအုံမှတစ်ပါး အခြားအဆောက်အအုံကို ပြင်ဆင်ခြင်း သို့မဟုတ် ယင်း၏ ဝင်းခြံနယ်နိမိတ်ကို ကာရံခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း၊

(ဂ) ယဉ်ကျေးမှုအမွေအနှစ်များကို မထိခိုက်သည့် သာသနိကအဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်း၊

(ဃ) လမ်းများတိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ ဆိပ်ခံဘောတံတားများပြင်ဆင်ခြင်း၊

(င) ရေတွင်း၊ ရေကန်၊ ရေကူးကန်၊ ရေလှောင်ကန်၊ မွေးမြူရေးကန်များ၊ မွေးမြူရေးခြံများ၊ နှစ်ရှည်ပင် စိုက်ပျိုးခြင်းများ ဆောင်ရွက်ခြင်း၊ တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊

(စ) လက်မှုလုပ်ငန်းဆိုင်ရာ အလုပ်ရုံများ အသစ်တည်ဆောက်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း၊

(ဆ) စီးပွားရေးလုပ်ငန်းဆိုင်ရာ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ခရီးသွား လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာများ တည်ဆောက်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း၊

(ဇ) ပြခန်းလုပ်ငန်းဆိုင်ရာ အဆောက်အအုံအသစ်ဆောက်လုပ်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း၊

(ဈ) မူလရှိပြီးဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ သို့မဟုတ် အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်း အဆောက်အအုံကို ပြင်ဆင်ခြင်း၊

(ည) ရဟတ်ယာဉ်၊ လူစီးမီးပုံးပျံများ၊ အခြားစက်တပ်၊ စက်မဲ့ယာဉ် ပျံသန်းခြင်း။

၃၂။ မည်သူမျှ ကြားခံဒေသတွင် အောက်ပါကိစ္စရပ်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်မရဘဲ မပြုလုပ်ရ-

(က) လမ်းဖောက်လုပ်ခြင်း၊ ဆိပ်ခံဘောတံတား၊ ယာဉ်ရပ်နားစခန်း၊ ရထားလမ်း၊ ရထားဘူတာရုံ၊ အားကစားရုံ၊ အားကစားကွင်းများ၊ အဆောက်အအုံနှင့် တံတားများ အသစ်တည်ဆောက်ခြင်း သို့မဟုတ် ယင်းတို့ကို တိုးချဲ့ခြင်း၊

(ခ) ဆက်သွယ်ရေးတာဝါတိုင်များ၊ မြေအောက်လုပ်ငန်းများ၊ မြေအောက် ဓာတ်အားကြိုးများ၊ လျှပ်စစ် မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်တိုင်များ၊ ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက် စိုက်ထူခြင်း၊

(ဂ) ရဟတ်ယာဉ်၊ လူစီးမီးပုံးပျံများ၊ မောင်းသူမဲ့လေယာဉ်ဖြတ်သန်းပျံသန်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်း၊

(ဃ) ဇာတ်ရုံကဲ့သို့သော ဖျော်ဖြေရေးဆိုင်ရာ အဆောက်အအုံများ၊ တည်းခိုရေးအဆောက်အအုံများ၊ နားနေစခန်းများ၊ မြင်းစီးစခန်း ပြိုင်ကွင်းများနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း။

၃၃။ မည်သူမျှ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် အောက်ပါလုပ်ငန်းတစ်ရပ်ရပ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ မပြုလုပ်ရ-

(က) ရှေးဟောင်းအဆောက်အအုံ၏ မူလရှေးဟောင်း ပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလရှေးဟောင်းလက်ရာကို ဖြစ်စေ ပြောင်းလဲခြင်းမရှိစေဘဲ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ခြင်း သို့မဟုတ် ယင်း၏ဝင်းခြံ နယ်နိမိတ်ကိုပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊

(ခ) ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုလုပ်ငန်းဆောင်ရွက်ခြင်း၊

(ဂ) ပြတိုက်များတည်ဆောက်ခြင်း၊ ဖွင့်လှစ်ခြင်း၊

(ဃ) ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းရပ်များအတွက် မဖြစ်မနေလိုအပ်သော အဆောက်အအုံ၊ လူအများသုံးအခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း။

၃၄။ မည်သူမျှ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဤဥပဒေအရထုတ်ပေးသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ အောက်ပါပြုလုပ်မှု တစ်ခုခုမပြုလုပ်ရ-

(က) မူလရှိပြီး ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ သို့မဟုတ် စက်မှုလုပ်ငန်း အဆောက်အအုံကို ပြင်ဆင်ခြင်း၊

(ခ) လယ်မြေ၊ ယာမြေများပေါ်တွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်ဝန်းကျင်မြင်ကွင်းကို ထိခိုက်စေသော နှစ်ရှည်ပင်များ စိုက်ပျိုးခြင်း၊

(ဂ) မူလမြေမျက်နှာသွင်ပြင်ကို ပျက်စီးစေနိုင်သည့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ခြင်း-

(၁) ရွှေကျင်ခြင်း၊ သဲထုတ်ခြင်း၊ ကျောက်ထုတ်ခြင်း၊ အုတ်ဖုတ်ခြင်း၊ အမှိုက်များစုပုံစွန့်ပစ်ခြင်း၊ ရေဆိုးထုတ်ခြင်း၊

(၂) သဘာဝကုန်းကမူများနှင့် တောင်ကုန်းများ ဖြိုဖျက်ခြင်း၊ မြေညှိခြင်း၊ မြေတူးခြင်း နှင့် ရေစီးရေလာ ပိတ်ဆို့တားဆီးခြင်း၊

(၃) ကန်၊ ချောင်း၊ ဆည်မြောင်း၊ တာတမံ၊ လျှို၊ ချိုင့်များ မြေဖို့ခြင်း။

(ဃ) လက်ရှိပေါက်ရောက်နေသည့် ဒေသမျိုးရင်း သဘာဝသစ်ပင်များကို ခုတ်ထွင်ခြင်း၊ ခင်တန်းများကို ဖျက်ဆီးခြင်း၊ ဒေသမျိုးရင်းမဟုတ်သော မျိုးစိတ်များ၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်း၊

(င) ရှေးဟောင်းအဆောက်အအုံများနှင့် ပရဝဏ်များအတွင်း တိရစ္ဆာန်များ လွှတ်ကျောင်းခြင်း၊

(စ) ဝင်းခြံတစ်ခုခုအတွင်း ကျရောက်နေသည့် ရှေးဟောင်းအဆောက်အအုံများ၊ နေရာများ၏မြင်ကွင်းကို တမင်ဖုံးကွယ်ခြင်း၊ အလွယ်တကူဝင်ရောက်သွားလာ ကြည့်ရှုမရအောင် ပိတ်ဆို့တားဆီးခြင်း၊ ခြံခတ်ကာရံခြင်း။

၃၅။ မည်သူမျှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် အောက်ပါ တစ်ခုခုကိုမပြုလုပ်ရ-

(က) ရှေးဟောင်းအဆောက်အအုံကိုဖြစ်စေ၊ အဆောက်အအုံ၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ဖျက်ဆီးခြင်း၊

(ခ) ရှေးဟောင်းအဆောက်အအုံ၏ မူလရှေးဟောင်းပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလရှေးဟောင်းလက်ရာကိုဖြစ်စေ၊ မူလရှေးဟောင်းအမည်ကိုဖြစ်စေ ပြောင်းလဲစေရန် တမင်ပြုလုပ်ခြင်း၊

(ဂ) ရှေးဟောင်းဝတ္ထုပစ္စည်းရှာဖွေရန် တူးဖော်ခြင်း၊

(ဃ) ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ သို့မဟုတ် ဓာတ်သတ္ထုရှာဖွေရန် တူးဖော်ခြင်း။

၃၆။ မည်သူမျှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ သတ်မှတ်သည့် နယ်နိမိတ်တွင် ထွန်ယက်စိုက်ပျိုးခြင်း သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်စေရန် ဆောင်ရွက်ခြင်းမပြုရ။

အခန်း (၁၁)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၃၇။ မည်သူမဆို ပုဒ်မ ၃၁ သို့မဟုတ် ပုဒ်မ ၃၃ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၃၈။ မည်သူမဆို ပုဒ်မ ၃၂ သို့မဟုတ် ပုဒ်မ ၃၆ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ် တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၃၀ အထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၃၉။ မည်သူမဆို ပုဒ်မ ၃၄ ပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၃၀ အထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

၄၀။ မည်သူမဆို ပုဒ်မ ၃၅ ပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံးကျပ်သိန်း ၅၀ အထိငွေဒဏ်လည်း ချမှတ်နိုင်သည်။

၄၁။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တရားရုံးသည် ထိုသူကို အောက်ပါအမိန့်တစ်ခုခုကို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေဖြင့် သတ်မှတ်ထားသည့်ကာလအတွင်း ဆောင်ရွက်ရန် အမိန့်ချမှတ်ရမည်-

(က) တည်ဆောက်ထားသည့်အဆောက်အအုံကို ဖျက်သိမ်းစေခြင်း၊

(ခ) တိုးချဲ့ထားသည့် အဆောက်အအုံ သို့မဟုတ် ဝင်းခြံနယ်နိမိတ်ကို မူလအတိုင်း ပြန်လည်ပြင်ဆင်စေခြင်း၊

(ဂ) ပုံသဏ္ဌာန်ပြောင်းလဲပြင်ဆင်ထားသည့် အဆောက်အအုံ သို့မဟုတ် မြေကို မူလပုံသဏ္ဌာန်အတိုင်း ပြန်လည်ပြင်ဆင်စေခြင်း၊

(ဃ) သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်း။

၄၂။ မည်သူမဆို ပုဒ်မ ၄၁ အရ ချမှတ်သည့်အမိန့်ကို သတ်မှတ်ကာလအတွင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ထိုသူကို ပျက်ကွက်သည့် နေ့ရက် အသီးသီးအတွက် တစ်နေ့လျှင် ငွေဒဏ် အနည်းဆုံးကျပ် တစ်သိန်းပေးဆောင်စေရမည်။

အခန်း (၁၂)

ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု ရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း

၄၃။ ဝန်ကြီးဌာနသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအဖွဲ့၏ သဘောတူညီချက်အရ ရန်ပုံငွေတစ်ရပ်ကို အောက်ပါရငွေများဖြင့် ထူထောင်ထားရှိရမည်-

(က) ပြည်တွင်း၊ ပြည်ပ အစိုးရ၊ အဖွဲ့အစည်းများနှင့် စေတနာရှင်များ၏ လှူဒါန်းငွေများ၊

(ခ) ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် ကောက်ခံသည့် အခကြေးငွေနှင့်ဝင်ကြေးများအပေါ် ရာခိုင်နှုန်း အချိုးအစား သတ်မှတ်ချက်အရ ရရှိသည့် ငွေကြေးများ၊

(ဂ) ထိန်းသိမ်းရေး ကော်မတီများက ကောက်ခံရရှိသည့် ဒဏ်ကြေးငွေများ၊

(ဃ) ရန်ပုံငွေမှရရှိသည့် တရားဝင်တိုးပွားငွေများ။

၄၄။ ဝန်ကြီးဌာနသည် ရန်ပုံငွေထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးတို့အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီများမှ ကိုယ်စားလှယ်များနှင့် သင့်လျော်သူများပါဝင်သည့် ရန်ပုံငွေထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းရမည်။

၄၅။ ပုဒ်မ ၄၄ အရ ဖွဲ့စည်းသည့် ရန်ပုံငွေ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့သည်-

(က) ရန်ပုံငွေမှ သင့်လျော်သည့်ထောက်ပံ့ငွေများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီများသို့ ခွဲဝေပေးနိုင်သည်။

(ခ) ရန်ပုံငွေကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် သုံးစွဲခြင်းတို့ ပြုရမည်။

(ဂ) မိမိ၏ရငွေသုံးငွေများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှု ခံယူရမည်။

(ဃ) နှစ်စဉ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အရအသုံးငွေစာရင်း ရှင်းတမ်းများပြုစု၍ ဝန်ကြီးဌာနသို့တင်ပြရမည်။

အခန်း (၁၃)

အထွေထွေ

၄၆။ နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ သို့မဟုတ် ဓာတ်သတ္ထု တူးဖော်ခြင်းနှင့်စပ်လျဉ်း၍-

(က) ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသနှင့် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် ဆောင်ရွက်ခြင်းကို တားမြစ်သည်။

(ခ) ပုဒ်မခွဲ (က) ပါယဉ်ကျေးမှုအမွေအနှစ် ဒေသများမှတစ်ပါး အခြားယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ဆောင်ရွက်ရာတွင် ထိခိုက်ပျက်စီးနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း နိုင်ငံတကာလုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ပြောင်းရွှေ့အစားထိုး ထိန်းသိမ်း၍ ဆောင်ရွက်ရမည်။

၄၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာ ထိန်းသိမ်းရေး ကော်မတီများသည် အောက်ပါကိစ္စရပ်များအတွက် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်-

(က) ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် အခကြေးငွေကောက်ခံခြင်းနှင့် ဝင်ကြေးသတ်မှတ်ကောက်ခံခြင်း၊

(ခ) ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်စေမည့်ဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး အတွက် ဒဏ်ကြေးငွေ သတ်မှတ်ခြင်းနှင့် ကောက်ခံခြင်း။

၄၈။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီသည် ကြိုတင်ခွင့်ပြုချက်ပါ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး စည်းကမ်းချက် တစ်ရပ်ရပ်ကို လိုက်နာခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိလျှင်လည်းကောင်း၊ ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာန သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီများက ထုတ်ပြန်သော စည်းကမ်းချက်၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်လျှင်သော်လည်းကောင်း ထိုသူကို အောက်ပါစီမံခန့်ခွဲရေး ဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) သတိပေးပြီး စည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက်စေခြင်း၊ ခံဝန်ချက်ရေးထိုးစေခြင်း၊

(ခ) သတ်မှတ်ထားသော ဒဏ်ကြေးငွေပေးဆောင်စေပြီး စည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက် စေခြင်း၊

(ဂ) ကြိုတင်ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းခြင်း။

၄၉။ (က) ပုဒ်မ ၄၈ အရ ချမှတ်သော အမိန့်တစ်ရပ်ရပ်ကို ကျေနပ်မှုမရှိသူသည် ထိုအမိန့်ချမှတ်သည့် နေ့မှ ရက်ပေါင်း ၆၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံဝင်ရောက်ခွင့် ရှိသည်။

(ခ) ဝန်ကြီးဌာနသည် ပုဒ်မခွဲ (က) အရ အယူခံမှုကို စိစစ်ပြီး ယင်းအမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။

(ဂ) ဝန်ကြီးဌာန၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။

၅၀။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော အမျိုးသားအဆင့် ကော်မတီဝင်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီဝင်နှင့် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို ဝန်ကြီးဌာနက ကျခံရမည်။

၅၁။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၅၂။ ဝန်ကြီးဌာနသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသနှင့် ကြားခံဒေသအတွင်းရှိ မြို့ပြနှင့် ကျေးရွာများ၏လူမှုရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များကို မထိခိုက်စေဘဲ ညှိနှိုင်းသတ်မှတ်ပေးရမည်။

၅၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) အမျိုးသားအဆင့် ကော်မတီ၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေး ကော်မတီနှင့် ဒေသဆိုင်ရာ ထိန်းသိမ်းရေး ကော်မတီတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၅၄။ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေ အမှတ် ၉/ ၁၉၉၈) အရ သတ်မှတ်ထားသည့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန်နှင့် ရှေးဟောင်းနေရာဇုန်တို့ကို ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသဟု လည်းကောင်း၊ ကာကွယ်ထိန်းသိမ်းထားသော ဇုန်ကို ကြားခံဒေသဟုလည်းကောင်း မှတ်ယူရမည်။

၅၅။ ယဉ်ကျေးမှုမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၉/ ၁၉၉၈) အရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက် ကျင့်သုံးနိုင်သည်။

၅၆။ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေ အမှတ် ၉/ ၁၉၉၈) ကိုဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်